ခရီးသွားလုပ်ငန်းဝန်ဆောင်မှုနှင့် ဆက်စပ်သော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်

မကွေး ဖေဖော်ဝါရီ ၂၈

ခရီးသွားလုပ်ငန်းဝန်ဆောင်မှုနှင့် ဆက်စပ်သော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကွေးမြို့၊ Royal Palace ဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (မကွေး)ဇုန်မှ တာဝန်ရှိသူများနှင့် မကွေးမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး နိုင်ငံ၏ (၈၀)ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတက်လာခြင်းသည် နိုင်ငံစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အတူ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ဟိုတယ်လုပ်ငန်းများအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဟိုတယ်များတွင် အသုံးပြုမည့် အသုံးအဆောင်ပစ္စည်းများအား မိမိတို့ဒေသထွက်ကုန်များအား အသုံးပြုပါက ဒေသ ထွက်ကုန်ပစ္စည်းများအား ခရီးသွားပြည်သူများမှ စိတ်ဝင်စားလာပြီး ဒေသထွက်ကုန် ဈေးကွက် တစ်ခုအနေဖြင့် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဒေသရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ လက်တွဲ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများအား ခရီးသွားပြည်သူများ ပိုမိုသိရှိ ဝယ်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများတွင် ဒေသထွက်ကုန်ပစ္စည်းများ ပြသကာ ဈေးကွက်များ ရရှိရေးအတွက် ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Health & Safety Protocol National Level Plaque (HSP) နိုင်ငံအဆင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အသိအမှတ်ပြုတံဆိပ်ရရှိသော Shwe Mann Hotel၊ လေသာကုန်းတည်းခိုရိပ်သာ၊ သီရိရတနာဟိုတယ်၊ ရွှေပြည်ဟိန်းဟိုတယ်၊ Hotel Juno နှင့် တော်ဝင်နန်းဟိုတယ်တို့အား စီးပွားရေးရာဝန်ကြီးက အသိအမှတ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်က ဟိုတယ်များတွင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းတို့က MSME လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(မကွေး)ဇုန်မှ တာဝန်ရှိသူများနှင့် မကွေးမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များက ဟိုတယ်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ MSME လုပ်ငန်း များနှင့်ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုစည်သူ(မကွေး)