တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ထားဝယ်တက္ကသိုလ်တည်ထောင်ခြင်း (၂၃)နှစ်မြောက် နှစ်ပတ်လည်သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားနှင့် ပိုစတာပြပွဲသို့တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၂၇

(၂၃)နှစ်မြောက် ထားဝယ်တက္ကသိုလ်တည်ထောင်ခြင်းနှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားနှင့် ပိုစတာပြပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ပင်မဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦး တို့က (၂၃)နှစ်မြောက် ထားဝယ်တက္ကသိုလ်တည်ထောင်ခြင်းနှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တက်ရောက်လသော ဧည့်သည်တော်များအား ဆရာ/မများက မြကျွန်းညိုညိုသီချင်းနှင့် ကျောင်းသား/သူများက ထားဝယ်တက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတကာအဆင့်မီ သုတေသနများကို ပညာရေးတွင်သာမက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရေးအတွက် ဆောင်ရွက်နိုင်စေရန် သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ထားဝယ်တက္ကသိုလ်က ဒေသတွင်းရှိ လူငယ်လူရွယ်များအား လက်တွေ့ဘဝအတွက် အသုံးချနိုင်မယ့် ဝိဇ္ဇာသိပ္ပံပညာရပ်များကို သင်ကြားပေးနေသလို တစ်ဖက်တစ်လမ်းကလည်း ဒေသအကျိုးပြု နိုင်ငံအကျိုးပြု အသုံးချသုတေသနများစွာတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ တက္ကသိုလ်၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်သော သုတေသနဆောင် ရွက်ခြင်းလုပ်ငန်းစဉ်အတွက် ထားဝယ်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများက လက်တွေ့ ကြိုးပမ်းဆောင်ရွက်ထားရှိသည့် သုတေသနများ၏ရလဒ်များ၊ တွေ့ရှိချက်များကို ဖော်ထုတ်မှတ်တမ်းတင်ဖတ်ကြားတင်သွင်းကြမည့် အခမ်းအနားဖြစ်ကြောင်း၊ ဒေသ၏အရင်းအမြစ်များကို မိမိတို့အထူးပြုဘာသာရပ်နယ်ပယ်အလိုက် သုတေသနလုပ်ငန်းများ လုပ်ဆောင်လေ့လာခြင်းအားဖြင့် သင်ကြားရေးအတွက် အထောက်အကူဖြစ်သလို မိမိနိုင်ငံ၊ မိမိဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုအကျိုးရှိမည့်လုပ်ငန်းများ၊ အချက်အလက်များအားဖော်ထုတ်နိုင်မှာဖြစ်ကြောင်း၊ ခေတ်မီနိုင်ငံတော်နှင့် တနင်္သာရီတိုင်းအတွက်အကျိုးပြုမည့် သုတေသနများ၊ MSME လုပ်ငန်းများအတွက် အထောက်အကူပြုနိုင်သော သုတေသနရလဒ်ကောင်းများရရှိနိုင်အောင် ဆက်လက်ပြီး စဉ်ဆက်မပြတ်လုပ်ဆောင်ကြရန် လိုအပ်ကြောင်းပြောကြားပြီး ထောက်ပံ့ငွေကျပ်(၁၄)သိန်း အားပေးအပ်ရာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက လက်ခံရယူသည်။

ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာမိမိကြီးက စာတမ်းဖတ်ပွဲနှင့် ပိုစတာပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသူများက တေးသရုပ်ဖော်အက၊ Fitness Dance အကဖြင့် ဖျော်ဖြေတင်ဆက်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီဆိုဖျော်ဖြေသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေကျပ်(၄)သိန်း ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဘာသာရပ်အသီးသီးက ပြသထားသောပိုစတာအား ကြည့်ရှုအားပေးခဲ့ကြပြီး ဘာသာအသီသီးမှ သုတေသနစာတမ်းများကို သက်ဆိုင်ရာခန်းမများတွင် တာဝန်ရှိသူများက ဖတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်