ကျောက်ဆည် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံနေကြာမျိုးစေ့များ ဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်းပြီး နေကြာမျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုးထားပြီး ယနေ့နံနက်(၁၀)နာရီက မှိုင်းပန်ကျေးရွာ၊ ကွင်းအမှတ်(၂၃၀/ဃ)၊ တောင်သူဦးဝင်းနိုင်၏ မျိုးစေ့ထုတ်နေကြာစိုက်ခင်းအား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက(၃၀)တင်း ထွက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မျိုးစေ့ထုတ်ဆောင်းနေကြာစိုက်ခင်းများကို ကလေးကျေးရွာမှ တောင်သူ(၄)ဦး၏ စိုက်ပျိုးမြေများတွင် (၁၀)ဧက၊ ရှားပင်ကျေးရွာမှ တောင်သူ(၇)ဦး၏ စိုက်ပျိုးမြေများတွင်(၂၂)ဧက၊ ကျီးအိပ်ကျေးရွာမှ တောင်သူ(၅)ဦး၏ စိုက်ပျိုးမြေများတွင် (၅)ဧက၊ ဒွေးလှကျေးရွာမှ တောင်းသူ(၁၂)၏ စိုက်ပျိုးမြေများတွင်(၂၇)ဧက၊ သပြေဝန်းကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင် (၁၀)ဧက၊ ညောင်ရွေကျေးရွာမှ တောင်သူ(၅)ဦး၏ စိုက်ပျိုးမြေများတွင်(၉)ဧက၊ ပြည်ပန်းကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင်(၄)ဧက၊ မှိုင်းပန်ကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင် (၁၀)ဧက၊ စပါယ်တောကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင်(၃)ဧက၊ သံရွာကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင် (၁၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ဆောင်းနေကြာစိုက်ခင်းများအောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ စနစ်တကျနည်းပညာများ ကူညီပေးလျက်ရှိပြီး အပင်ပေါက်နှုန်း (၈၀)ရာခိုင်နှုန်းအထက်ရှိသော နေကြာမျိုးများရွေးချယ်ပြီး တစ်ဧကမျိုးစေ့(၃)ပြည်နှုန်းဖြင့် အပင်ပေါက်သေချာစေရန် မြေအစိုဓာတ်လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မအတွင်း စိုက်ပျိုးထားကြောင်း၊ သတ်မှတ်အပင်ဦးရေ(၂၉၀၀၀)ဝင်ဆန့်စေရန် တန်းကြား(၂)ပေ၊ ပင်ကြား(၉)လက်မဖြင့် (၁)ကျင်းလျင်မျိုးစေ့(၂)စေ့နှုန်းဖြင့် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သက်မောင်