ပွင့်ဖြူ ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းအား ဒေသခံကျေးလက်နေပြည်သူများ ရာသီးမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည် ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပွင့်ဖြူမြို့နယ် မုန်းဇလဲ-ညောင်ပင်စောက် ကျေးရွာချင်းဆက်လမ်းမှာ အရှည်ပေ ၂ မိုင် ၁ ဖာလုံ ကျော်ခန့်ရှိပြီး မိုးရေတိုက်စားမှုဒဏ်ကြောင့် လမ်းပျက်စီးမှုများဖြစ်ပေါ်နေ၍ ဒေသခံကျေးလက်နေပြည်သူများ ကူးလူးဖြတ်သန်း သွားလာရာ၌ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရ၍ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ် ၁၅ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်ရေးအတွက် လမ်းအကျယ် (4.88m)၊ လမ်းအမြင့်ထု (100mm)ရှိ မြေနီကျောက်စရစ်လမ်းအဖြစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က စတင်ပြီး စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရကာ ကျေးရွာချင်းဆက်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား ရေရှည်အသုံးပြုသွားလာနိုင်ရေး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ် ငန်းအရည်အသွေး ပြည့်မီစေရေး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိမိလွင်၏ ကြီးကြပ်မှုဖြင့် တာဝန်ခံအင်ဂျင်နီယာများက စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်း ကျေးရွာချင်းဆက်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာရှိ ဒေသခံပြည်သူများ တစ်ရွာနှင့် တစ်ရွာ လွယ်လင့်တကူ ကူးလူးဖြတ်သန်း သွားလာနိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း အဆင်ပြေစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)