ပုသိမ် ဖေဖေါ်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အား Clean City ဖြစ်လာစေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ဝင် ကိုးဆူဂိတ်တွင် ဆောင်ရွက်ခဲ့သည်။
ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာဌာန များပူးပေါင်းကာ ခရီးသွားမိဘပြည်သူများအနေဖြင့် အမှိုက်များကိုလမ်းဘေးဝဲယာတွင် လွယ်လင့်တကူ မစွန့်ပစ်ရန်နှင့် ခရီးသွားကားများပေါ်တွင် အမှိုက်ပုံးများထားရှိပေးထားသည့်အတွက် စနစ်တကျစွန့်ပစ်ကြရန်၊ မြို့တွင်း၌အမှိုက်စွန်ပစ်ခြင်းများတွေ့ရှိပါက ကားများကိုရပ်တန့်စေပြီး ဒါဏ်ရိုက်အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အမှိုက်စွန့်ပစ်ရမည့် နေရာများတွင်သာ အမှိုက်များအားစနစ်တကျ စွန့်ပစ်စေရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဆိုင်ကယ်များစီးနင်းရာတွင် မောင်းလိုင်စင်၊ ယာဉ်လိုင်စင်နှင့်နောက်ကြည့်မှန်များအပြင်ဆိုင်ကယ်စီးဦးထုပ် ဆောင်း၍ မောင်းနှင်ကြရန်နှင့် သတ်မှတ်စည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်
ပုသိမ်ခရိုင် (ပြန်/ဆက်)