လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

လှိုင်းဘွဲ   ဖေဖော်ဝါရီ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ် အကြမ်းဖက် ခြင်းမှ အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေများကို ဆရာ၊ဆရာမများသိရှိပြီး မိမိကျောင်း၊ မိမိဒေသများတွင် ကလေးသူငယ်များကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုခန်းမ၌ ဆောင် ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးသိန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေရုံး ဥပဒေအရာရှိ ဦးရဲဝဏ္ဏထွဋ်က စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့်လျစ်လျူရှုခြင်းတို့မှ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေ(၂၀၁၉ခုနှစ်)၊ အခြေခံမူများ၊ ကလေးသူငယ်အခွင့်အရေးများ၊ မသန်စွမ်းသူ ကလေးငယ်များ ရရှိနိုင်သည့် အခွင့်အရေးများ၊ ခွဲခြားဆက်ဆံမှုမရှိစေရေး၊ ပညာသင်ယူခွင့်၊ အကြမ်းဖက်မှုမှကာကွယ်ခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သော စောင့်ရှောက်ရေးသင်တန်းကျောင်းများ၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်း၊ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရသည့် ကိစ္စရပ်များနှင့်ပံ့ပိုးပေးရသည့်လုပ်ငန်းများကို အသိပညာပေးဆောင်ရွက်ခဲ့ပြီးတက်ရောက်လာသော လှိုင်းဘွဲမြို့နယ်အတွင်း ကျောင်းအုပ်ဆရာ၊ဆရာမကြီးးများနှင့် ဆရာ၊ဆရာမများက ကလေးသူငယ်အခွင့်အရေးများ၊ အကြမ်းဖက်မှုများ၊ မိမိဒေသတွင်း ကြုံတွေ့နေရမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)