ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၄
ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားလာစေရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို နှစ်စဉ်ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ထန်းတပင်မြို့နယ်အနေဖြင့် ငါး၊ ပုစွန်မွေးမြူရေးအနေဖြင့်လည်း ငါးကန်ဧရိယာ(၁၁ဝ၂၅.၃၆)ဧကနှင့် ပုစွန်ကန်ဧရိယာ အနေဖြင့်လည်း (၄၈၁.၅၃)ဧကထိရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းမှာ ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်းရှင်အနေနဲ့ကတော့(၄၀၅)ဦး၊ ကုမ္ပဏီအနေနဲ့ကတော့(၂)ခုရှိပြီးတော့ ငါးကန်ဧရိယာ စုစုပေါင်းက (၁၁ဝ၂၅.၃၆)ဧကထိ ရှိပါတယ်၊ ပုဇွန်မွေးမြူရေးအနေနဲ့ကတော့ လုပ်ငန်းရှင်(၁၉)ဦး ပုဇွန်ကန်ဧရိယာ စုစုပေါင်း အနေကတော့(၄၈၁.၅၃)ဧကထိ ရှိပါတယ်ဟု မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းအောင်က ပြောသည်။
ငါးများကိုမွေးမြူရာတွင်လည်း ငါးမြစ်ချင်း၊ ငါးဒန်နှင့်ငါးမုတ်ငါးမျိုးများကိုသာ အဓိကထားထည့်သွင်း မွေးမြူလျက်ရှိကာ ငါးကြင်းနှင့်ငါးခေါင်းပွငါးမျိုးများကို အနည်းငယ်သာ ထည့်သွင်းမွေးမြူလျက်ရှိသလို နှစ်စဉ် မေလ၊ ဇွန်လနှင့်ဇူလိုင်လပိုင်းအတွင်းသာ ငါးကန်များတွင် ငါးမျိုးများကိုထည့်သွင်း မွေးမြူလျက်ရှိပြီး ဆယ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ငါးကန် ဖော်ခြင်းလုပ်ငန်းများကိုဆောက်ရွက်လျက်ရှိသည်။ ကန်ဖော်ရာတွင်လည်း ငါးမြစ်ချင်းတစ်ကောင်လျှင် လေးဆယ်ကျပ်သား၊ ငါးဒန်တစ်ကောင်လျှင် ရှစ်ဆယ့်ငါးကျပ်သားနှင့် ငါးမုတ်တစ်ကောင်လျှင် ငါးဆယ်ကျပ်သားအရွယ်ထိရှိကြောင်းလည်း သိရသည်။
ပုစွန်မွေးမြူရာတွင်လည်း ရေချိုပုစွန်ကိုသာ အဓိကထား၍ အသားတိုးမွေးမြူလျက်ရှိသလို နှစ်စဉ်မေလနှင့်နိုဝင်ဘာလအတွင်းတွင် ပုစွန်မွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး ခြောက်လလျှင် တစ်ကြိမ်နှုန်း တစ်နှစ်လျှင် နှစ်ကြိမ်ကန်ဖော်သည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ကန်ဖော်ရာတွင်လည်းတစ်ကောင်လျှင် နှစ်ကျပ်ခွဲသားထိရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)