ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် ပီလခတ်ကျေးရွာအုပ်စုတော် ကေးကျေးရွာအောင်သုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ဆွေဆွေဦးက ပြစ်မှုပြစ်ဒဏ်များအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်းနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ဆွေဆွေဦးတို့က တက်ရောက်လာသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်များ၊ ကျေးရွာသူ/သားများနှင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင် ဒေါ်ဇင်မာဖြိုးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းမှ ကျောင်းသား/သူ လူငယ်လူရွယ်များ၊ ကျေးရွာသူ/သား စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(IPRD)