မက်မန်း ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ မင်းရန် အောင်ကျေးရွာတွင် အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာရေးအသိပေးဟောပြောပွဲနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်ပြီး အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးအသိပညာပေး ဟောပြောရာတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုက “အမျိုးသမီးများသည် မိသားစုတွင် အရေးပါသောသူများဖြစ်ပါကြောင်း၊ အမျိုးသမီးများ ကျန်းမာနေမှ မိသားစုတစ်ခုလုံး ကျန်မာနေမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်များလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ဟောပြောခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ဟောပြောရာတွင် အမျိုးသမီးများသည် ကျန်းမာကြံ့ခိုင်၍ အနာဂတ်နိုင်ငံတော် တည်ဆောက်ရာတွင် အရေးကြီးပါကြောင်း၊ အမျိုးသမီးများ၏ ဦးဆောင်မှုစွမ်းပကားများလည်း လိုအပ်ပါကြောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ချိုချိုသန်း (အထက်တန်းသူနာပြု)က ဟောပြောရာတွင် “ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြစ်ပွားသည့် ရောဂါများကို ပြသကြဖို့လိုအပ်ပါကြောင်း ဟောပြောခဲ့သည်။
ထို့နောက် မင်းရန်အောင်ကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်းများ ဆောင် ရွက်ခြင်း၊ ဆေးများကုသခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား စမ်းသပ်ခြင်း၊ လိုအပ်သော ဆေးဝါးများ ထောက်ပံ့ခြင်းနှင့် အနှီးပိတ်စများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ မင်းရန်အောင်ကျေးရွာရှိ ပြည်သူများအား ကြက်ဥ၊ ဆား၊ အဟာရမုန့်များလည်း ထောက်ပံ့ပေးအပ်ခဲကြောင်းလည်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)