၂၀၂၂-၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် G-5နှင့် အလယ်တန်းအဆင့် G-9 နှစ်ဆုံးစာမေးပွဲများဖြေဆို

ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့် G-5 (စတုတ္ထတန်းသင်ရိုးသစ်)နှင့် အလယ်တန်းအဆင့် G-9(အဌမတန်း သင်ရိုးဟောင်း) နှစ်ဆုံးစာမေးပွဲကို သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းတွင် အခြေခံပညာ မူလတန်းအဆင့် G-5 (စတုတ္တတန်း သင်ရိုးသစ်)ကို ဖြေဆိုကြသည့် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီး ပညာရေးကျောင်းများမှ စုစုပေါင်းကျောင်းသား/သူ (၇၇၀)ဦး ဖြေဆိုကြပြီး အခြေခံပညာ အလယ်တန်းအဆင့် G-9 (အဋ္ဌမတန်းသင်ရိုးဟောင်း)ကို ဖြေဆိုကြသည့် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးပညာရေးကျောင်းများမှ ကျောင်းသား/သူ (၁၆၆၆)ဦး အတွက် စာစစ်ဌာန (၂၁)ခုဖြင့် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ တာဝန်ရှိသူထံက သိရသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား/သူများစိတ်ချလက်ချအေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများမှ တာဝန်ကျဆရာ/ဆရာမများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များကလည်း စာမေးပွဲလုံခြုံရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ ကျောင်းသား/သူမိဘများကလည်း စာမေးပွဲခန်း ပြင်ပမှ‌နေ၍ မိမိတို့၏သား/သမီးများကို အနီးကပ်စောင့်ကြည့် အားပေးလျက်ရှိကြောင်း သိရသည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)