ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား  တွေ့ဆုံအားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ငပုတော ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍  ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအား ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာ အထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များနှင့် ပတ်သက်၍လည်း လက်တွေ့ သရုပ်ပြဆွေးနွေးပို့ချ ခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း မိမိတို့၏ အားနည်းချက် အားသာချက်များကို သေချာဂရုပြု ပြင်ဆင်ကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း မိမိတို့ ကျောင်းသား၊ ကျောင်းသူများ၏ အားနည်းသည့်ဘာသာရပ်များကို ပိုမို အားဖြည့် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှသာ မိမိတို့၏ ရည်မှန်းချက်များကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်၍ ရာနှုန်းပြည့် အောင်မြင်စေရေးအတွက် အောင်စိတ်မွေး၍ မလျော့သောဇွဲလုံ့လဖြင့် အစွမ်းကုန်ကြိုးစားကြ စေလိုပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုပြုကြရန်၊ ရိုးရိုးသားသားကြိုးကြိုးစားစား ဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့် ရာနှုန်းပြည့် ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက် ကြိုးစားကြရန်လိုပါကြောင်း အားပေးစကားများ ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ငပု​တောမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သည် ပုသိမ်-ငပုတော ကားလမ်း မိုင်တိုင်အမှတ်(၁၇/၁)မှ (၁၇/၁၃)အား ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းနေမှုအား ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မှီ ပြီးစီးနိုင်ရေး မှာ​​ကြားခဲ့ပြီးနောက် ဖျန်ရေကျော် ကျေးရွာ တောင်သူ ဦးသိန်းထွေးနှင့် တောင်သူဒေါ်လှိုင်သဇင်ထွန်းတို့၏ လယ်မြေ (၉၀.၈) ဧကရှိ နွေစပါးစိုက်ခင်းများအား (Solar Pump)စနစ်​ဖြင့်ရေပေးသွင်းမှုအခြေအနေကို ကြည့်ရှု့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများ ထံမှာကြားခဲ့​ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)