ဟိုပန်၌ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ရက်သတ္တပတ်နှင့် အာဟာရဆိုင်ရာ ချက်ပြုတ်နိုင်မူ စွမ်းရည်ပြိုင်ပွဲကျင်းပ

ဟိုပန် ဖေဖော်ဝါရီ ၂၃

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် HPA (Health Poverty Action) တို့ပူးပေါင်း၍ (Cooking competition for nutrition month) အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ရက်သတ္တပတ်နှင့် အာဟာရဆိုင်ရာ ချက်ပြုတ်နိုင်မူ စွမ်းရည်ပြိုင်ပွဲကို ယ​မန်နေ့နံနက် (၉) နာရီက ဟိုပန်မြို့နယ်၊ နောင်ဟေ့ကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် ဟိုပန်မြို့နယ် မော်ဟွေ့ကျေးရွာအုပ်စုမှ နောင်ဟေ့ကျေးရွာနှင့် ကောင်းတပ်ကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများက ခန္ဓာကိုယ်ကြီးထွားစေသောအစားအစာများ၊ ရောဂါကာကွယ်နိုင်သောအစားအစာများနှင့် သန့်ရှင်းပြီးအာဟာရပြည့်၀သော အစားအစာများကို အသိပညာပေး ချက်ပြုတ်ပြသကာ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်ခဲ့သည့်အဖွဲ့များအား ဟိုပန်ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာကျော်ဇင်သက်နှင့် ဆရာမများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မူကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နီလာခိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချယ်ရီစိုးနှင့်အဖွဲ့ဝင်များက အာဟာရဆိုင်ရာချက်ပြုတ်နိုင်မူ စွမ်းရည်ပြိုင်ပွဲစည်းကမ်းချက်များနှင့် ကိုက်ညီသည့်အဖွဲ့အား ဆုများပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်သူများအား မေတ္တာလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)