ပုသိမ် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၌ မြို့အဆင့်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပွဲအား ယမန်နေ့ ညနေပိုင်းက ယမုံနာဦး ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ဟိုတယ်ဇုန်တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ငွေဆောင်မြို့အဆင့် ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင် သည့်အပြင် ပြည်ပပို့ကုန်များလည်း ထုတ်လုပ်တင်ပို့လျက်ရှိပါကြောင်း၊ သဘာဝကပေးသည့် ကမ်းခြေဒေသများ နှင့် ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းပြည်ပခရီးသွားများ အများဆုံးလာရောက် လည်ပတ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဧည့်သည်များအား ဆွဲဆောင်ရန်အတွက် ဒေသ၌ ရှိသည့် သစ်တောသစ်ပင် ဖြစ်ထွန်းမှုများ၊ သုတေသန လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် ဆင်စခန်းများကိုလည်း ခရီးသွားဧည့်သည်များ စိတ်ပါဝင်စား၍ သွားရောက်လေ့လာ လည်ပတ်နိုင်ရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကမ်းခြေနှင့် ဟိုတယ်ဇုန်များ သန့်ရှင်းသာယာလှပရေး အတွက် ဌာနဆိုင်ရာများ၊ ဟိုတယ်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး ကမ်းခြေ သာယာလှပရေးအား ယခုထက်ပိုမို အလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေး၊ ခရီးသွားဧည့်သည်များ စိတ်အပန်းပြေ ပျော်ရွှင်စေရေးနှင့် လုံခြုံမှုရှိစေရေးအတွက်လည်း ပူးပေါင်းဆောင်ရွက် ရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ MSME လုပ်ငန်းများသည် ခရီးသွားလုပ်းငန်းများအပေါ် တွင်လည်း မှီခိုနေသောကြောင့် MSME ပြပွဲများ၊ ဈေးရောင်းပွဲတော်များနှင့် ကမ်းခြေအားကစားပြိုင်ပွဲများအား ဟိုတယ်ဇုန် များအလိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ ခရီးသွားများအား တည်းခိုခနှင့် ညီမျှသည့် ဝန်ဆောင်မှုများပေးရန် လိုအပ်ပြီး ဝေဖန်အကြံပြုစာ ရေးသားသည့် စနစ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလို ကြောင်းနှင့် သို့မှသာ အားသာချက်၊ အားနည်းချက်များအား ပြုပြင်၍ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင် မည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့် ဟိုတယ်ဇုန်တာဝန်ခံများ၏ လုပ်ငန်းလိုအပ် ချက်တင်ပြမှုများ အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)