မိုင်းယောင်းမြို့တွင် ခရမ်းချဉ်သီးများ စျေးကောင်းရ

မိုင်းယောင်း ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရာသီချိန်ထွက်ရှိလာသည့် ခရမ်းချဉ်သီးများ စျေးကောင်းရသဖြင့် ရမ်းချဉ်သီးစိုက်တောင်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် ခရမ်းချဉ်သီးကို နမ့်ယောင်းချောင်းကမ်းနံဘေးကျေးရွာများဖြစ်သည့် ဝမ်တောင်း၊ တာလုတ်၊ ကော့ခွယ်နှင့် ဝမ်ကောင်းကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပြီး တစ်ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၁၂၀၀ အထိရောင်းရကာ အိမ်အရောက် ပို့ဆောင်ပေးရပါက ကျပ် ၁၂၀၀ မှ ၁၅၀၀ အထိရရှိကြောင်း သိရသည်။

အဆိုပါသီးနှံ၏ အထွက်နှုန်းမှာ ရာသီဥတု၊ မျိုးကောင်းမျိုးသန့်အပေါ်မူတည်ပြီး ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့် နည်းပညာနှင့် သီးနှံမျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း