ဇလွန် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်အကြို အထူးတရားပွဲကို နွားဦးတိုက်ဆရာတော် ဘဒ္ဒန္တအရှင်ဉာဏာလင်္ကာရက မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးဝန်းအတွင်း၌ ယမန်နေ့ည ၇ နာရီတွင် တရားတော်ဟောကြား တော်မူခဲ့သည်။
ရှေးဦးစွာ "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ တရားဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိတ်သတ်များက ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြကာ ပရိတ်တော်အဖွဲ့များက တရားတောင်းလျှောက်လွှာ ရွတ်ဖတ်ပူဇော်ပြီးနောက် နွားဦးတိုက်ဆရာတော် ဘဒ္ဒန္တအရှင်ဉာဏာလင်္ကာရက "စောင့်ကြိုလျက်ပါ" တရား ဒေသနာတော်ကို ဟောကြားတော် မူခဲ့သည်။
တရားပွဲအပြီးတွင် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ အကျိုးတော်ဆောင် ဂေါပက အဖွဲ့နှင့် အလှူရှင်များက စုပေါင်းသည့် လှူဒါန်းငွေ ကျပ်ငါးဆယ့်ရှစ်သိန်းကျော်အား ဆရာတော် ဘုရာကြီးထံ ဆက်ကပ်လှူဒါန်းပူဇော်ပြီးနောက် ရေစက်သွန်းချ အမျှဝေ၍ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အကြိုအထူးတရားပွဲ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်အကြို အထူး တရားပွဲသို့ ရဟန်းသံဃာတော်အပါး(၁၀၀)ကျော်၊ သီလရှင်အပါး(၂၀၀၀)ကျော်၊ တရားချစ်ခင်နာကြားကြသည့် ပြည်သူ(၄၀၀၀)ကျော်တို့ တရားတော်လာရောက်နာကြားခဲ့ကြ သည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)