ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ရသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

ဟင်္သာတ ဖေဖော်ဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအချို့သည် နှစ်စဉ်ရေဘေးဒဏ်ကို ကြုံတွေ့နေရသည့်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကြီးမှူး၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျေးရွာသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဖောင်ဆိပ်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခန်းများကို ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေးလုပ်ငန်းများကို သတိပြုလိုက်နာဆောင်ရွက် တတ်စေရန် အတွက် ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ရသော လေ့ကျင့်ခန်းများဖြစ်ကြောင်း သိရသည်။ ဟင်္သာတ မြို့နယ်တွင် အိပ်ပျက်ကျေးရွာအုပ်စု အတွင်းရှိ ရေကာတာအပြင်ဘက်တွင် တည်ရှိသော နေအိမ်၊ အိမ်ထောင်စု များသည် နှစ်စဉ်နှစ်တိုင်း ရေဘေးဒဏ်ခံစားရသဖြင့် ရေဘေးအန္တရာယ် ကြုံတွေ့လာပါက အရေးပေါ်အခြေအနေ မျိုးတွင် တုံ့ပြန်ဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲမှုအဖွဲ့များနှင့် ပူးပေါင်း၍ ရေဘေးသဏ္ဏာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုဇော်(ဟင်္သာတ)