ကန်ကြီးထောင့်မြို့နယ်တွင်  တောင်သူလယ်သမားနေ့အခမ်းအနား  ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင်  ၂၀၂၃ ခုနှစ် မတ်လ(၂)ရက်နေ့ တွင်ကျရောက်မည့် တောင်သူလယ်သမားနေ့အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအား  ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးက ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြခန်းများနှင့် အခမ်းအနားကျင်းပမည့် မဏ္ဏုပ်တည်ဆောက်နိုင်ရေး မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတို့မှ မြေပြင်ခြင်းလုပ်ငန်းများအပြင် မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှလည်း လျှပ်စစ်မီးရရှိစေရေးအတွက် မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် တောင်သူလယ်သမားနေ့ အခမ်းအနားအား  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်မှာ ဝါးဒူးကျေးရွာတွင် ယခုနှစ်ဆိုလျှင် (၄)ကြိမ်တိုင်တိုင်ရှိခဲ့ပြီး  တိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများမှ  စပါးအထွက်တိုး စိုက်ပျိုးထားရှိမှုများ၊ ဆီထွက်သီးနှံနေကြာနှင့် ပဲမျိုးစုံ စိုက်ပျိုးအောင်မြင်နေမှုများအပြင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့  ကူးပြောင်းမှုအပေါ် အကျိုးရရှိမှုများ၊ လယ်သမားများ၏  တစ်အိမ်ထောင်လျှင် တပိုင်တနိုင် ဟင်းသီးဟင်းရွက်နှင့် ကြက်၊ ဘဲ၊ ဝက်မွေးမြူရေး လုပ်ငန်းများအား အသေးစိတ် လေ့လာသိရှိကြစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အလားတူစွာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၏ ဒေသထွက်ပစ္စည်းများ၊ စားသောက်ကုန်များကိုလည်း ခရိုင်အလိုက် ရောင်းချပေးသွားမှာဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်   လွန်ခဲ့သော(၁)လခွဲခန့်ကမှစတင်၍ ပဲတီစိမ်း၊ နေကြာ၊ ပန်းနှမ်းနှင့်ပိုက်ဆံလျှော်ပင်များအား ကြိုတင်စိုက်ပျိုးထားရှိပြီးဖြစ်ရာ အသီးအပွင့်များ အောင်မြင်နေပြီဖြစ်ကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)