ဘူးသီးတောင် ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်တပ်နယ်၌ စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျမှန်ကန်မှုရှိစေရေး စာကြည့်တိုက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ဘူးသီးတောင်မြို့ အမှတ်(၃၇၈) အမြှောက်တပ်ရင်းခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က စာကြည့်တိုက်အဓိပ္ပာယ်၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရန်နှင့် စံ(၅)ရပ်နှင့်ကိုက်ညီဖွံ့ဖြိုးရန်အတွက် စာကြည့်တိုက်စီမံခန့်ခွဲရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီး စာကြည့်တိုက်ပညာရပ်များကို လေ့လာဆည်းပူးရန်လိုအပ်ပါကြောင်း၊ စာကြည်တိုက်များရေရှည်ရှင်သန်နိုင်ရေး၊ စာအုပ်စာစောင်များ ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် စာကြည့်တိုက်အခြေခံပညာများအား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်မှ စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်အမျိုးအစားများ၊ ထူးခြားသည့်ဝိသေသများ၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာရေးသူအခြေခံကတ်ပြားပုံစံ၊ စာရေးသူကတ်ပြားများ၊ စာငှားစနစ်၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအားလည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးမှ ကတ်တလောက်စနစ်ရေးသွင်းမှုနှင့် မျိုးတူစုဘာသာရပ်အားလည်းကောင်း စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ဘူးသီးတောင်တပ်နယ် အမှတ်(၃၇၈) အမြှောက်တပ်ရင်းစာကြည့်တိုက်၌ သင်တန်းသား/သင်တန်းသူများအား လက်တွေ့သင်ကြားခဲ့ပြီး သင်တန်းတွင် ဘူးသီးတောင်တပ်နယ်မှ သင်တန်းသား/ သင်တန်းသူ (၂၇)ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့ထိ စာတွေ့၊လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှကျော်