မန်းရွှေစက်တော်ဘုရားကြီးတွင် ဘုရားပွဲတော်ကာလ ဘုရားဖူးလာရောက်သူဦးရေ နေ့စဉ် ၁၀၀၀ ခန့်ရှိပြီး အစိုးရရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူများပြား

 မင်းဘူး ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက် (၂၅-၁-၂၀၂၃ ရက်)နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပွဲတော်ကာလ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူဦးရေ နေ့စဉ် ၁၀၀၀ ခန့်ရှိပြီး အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးအများအပြား လာရောက်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားဖူးလာရောက်ကြသူများက ခြေတော်ရာနှစ်ဆူအား ရွှေသင်္ဃန်းများကပ်လှူပူဇော်ခြင်း၊ သတင်းသီလဆောက်တည်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း၊ ပရိတ်/ပဌာန်း ဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ နဂါးစားကျွေး၊ ငါးလွှတ်ကုသိုလ်ပြုခြင်းနှင့် မျောက်စာကျွေးမွေးကြသူများအပြင် မန်းချောင်းအတွင်း ရေချိုး အပန်းဖြေခြင်းနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသူများဖြင့် စည်ကားပြီး၊ အစိုးရရုံးပိတ်ရက် များတွင် တည်းခိုဆောင်ပြည့်သည်အထိ နေ့ချင်းပြန် လာရောက်လည်ပတ်ကြသလို ညအိပ်တည်းခို သူများလည်းရှိကြောင်း သိရသည်။

“ဒီနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးမှာ ဘုရားဖူးအနေနဲ့က နေ့စဉ် လာရောက်သူဦးရေက ၁၀၀၀ နှင့်အထက်မှာရှိပြီးတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ လူဦးရေ ၄၀၀၀ ခန့်နဲ့ ကားအစီးရေ ၇၀၀ နီးပါး လာရောက်လည်ပတ် အပန်းဖြေတာတွေရှိပါတယ်။ ပွဲတော် ကာလမှာ တပို့တွဲလဆန်း ၅ ရက်ကနေ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိဖြစ်ပြီတော့ ဘုရားဖူး မိဘပြည်သူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်အောင် တည်းခိုဆောင် အခန်းပေါင်း ၆၀၀ ခန့်နဲ့ ဈေးဆိုင်ခန်းပေါင်း (၄၀၀) ကျော်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပါတယ်” ဟု မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။

အလားတူ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင်လည်း ဘုရားပွဲတော်ကာလ နေ့စဉ် လာရောက်လည်ပတ် အပန်းဖြေသူများရှိပြီး ရုံးပိတ်ရက်များတွင် ပိုမိုစည်ကားလျက်ရှိကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)