ဘီးလင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘီးလင်း ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်ရန်အတွက် ကြိုတင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထွန်းထွန်းလင်းက မီးဘေးအန္တရာယ် သဏ္ဍန်တူဇာတ်တိုက် လေ့ကျင့်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းတင်က ဇာတ်တိုက်လေ့ကျင့်ရေးလုပ်ငန်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ မြို့နယ်​ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေး ​အဖွဲ့မှတာဝန်ရှိသူများက ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းတွင် ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခြင်း၊ အကြံပြုပြောကြားခြင်း များကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများနှင့်စုပေါင်း၍ မင်္ဂလာဈေးအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)