ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၂)ခု၌ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ(၃၀၅)ဦးရှိ

ဇီးကုန်း ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ သက်ဆိုင်ရာစာစစ်ဋ္ဌာန အသီးသီး၌ ထုတ်ပေးလျက်ရှိရာ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ (၃၀၅)ဦးရှိကြောင်း သိရသည်။

မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဇီးကုန်းမြို့နယ်တွင် အ.ထ.က ဇီးကုန်း စာစစ်ဌာနနှင့် အ.ထ.က လေးမျက်နှာ စာစစ်ဌာန၊ စာစစ်ဌာန နှစ်ခုဖွင့်လှစ်၍ အ.ထ.က-ဇီးကုန်းတွင် (၂၄၄)ဦး၊ အ.ထ.က-လေးမျက်နှာတွင် (၆၁)ဦး စုစုပေါင်း (၃၀၅)ဦး ဖြေဆိုမည်ဖြစ်ကြောင်းနှင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို စာမေးပွဲဖြေဆိုမည့်ရက်မတိုင်မီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ယခင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲအား (၇၅၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၄၁၉)ဦး အောင်မြင်၍ အောင်ချက်ရာခိုင်နှုန်း (၅၅.၇၉)ဖြင့် ပဲခူးတိုင်းဒေသကြီးတွင် အောင်ချက်အဆင့်(၁)ရရှိခဲ့ပြီး၊ ဇီးကုန်းမြို့နယ်အနေဖြင့် (၆)နှစ်ဆက်တိုက် အောင်ချက်အဆင့်(၁) ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

တင့်ဆွေ(ပြန်/ ဆက်)