တပ်ကုန်း ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအခြေပြုမျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် မျက်မှန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဓမ္မာရုံတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မောင်နှင့်ကျန်းမာရေး ဆရာ၊ ဆရာမများ၊ မြို့နယ်ပညာရေးမှူး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမနှင့် Grade -9 ကျောင်းသား၊ ကျောင်းသူများနှင့်အောင်ဇေယျရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တက် ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မောင်က မျက်စိ စမ်းသပ်စစ်ဆေးကုသမှုလုပ်ငန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းဆရာ ဦးချိုဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် မျက်စိဆရာဝန်တို့က Grade -9 မှ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ကျော် (အခမဲ့)မျက်စိစမ်းသပ်စစ်ဆေးခဲ့ပြီး၊ မျက်စိနှင့်ပတ်သက်လိုအပ်နေသည့် ကျောင်းသား၊ ကျောင်းသူ(၆၂)ဦးကို ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ခြင်း၊ မျက်မှန်တပ်ဆင်ရန်လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးကို မျက်မှန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်