မက်မန်း ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေဖြင့်စိုက်ပျိုး၊ မွေးမြူရေး ဆောင်ရွက်သောမွေးမြူသူ၊ စိုက်ပျိုးသူများအား အသိပညာပေးသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့သင်တန်းဖွင့်လှစ်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတိုးမင်းထွန်းက နေပြည်တော် (ရုံးချုပ်)မှ ပညာပေးအဖွဲ့များလာရောက်ပြီး စိုက်ပျိုး/ မွေးမြူသူများ၏ လိုအပ်ချက်များကို ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသူ၊ မွေးမြူသူများ၏ စိုက်ပျိုး၊မွေးမြူနည်းစနစ်များ တိုးတက်လာရေးအတွက် လက်တွေ့ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသူ၊ သင်တန်းသားများကို သင်တန်းဖွင့် လှစ်ရခြင်း၏ အကျိုးကျေးဇူးများ၊ သင်တန်းတက်ပါက မိသားစုအတွက်အကျိုးကျေးဇူးရရှိမှု၊ မိမိတို့အိမ်၌ မွေးမြူထားသော မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးများကိုပါ ကာကွယ်ရမည့်နည်းလမ်းကောင်းများ၊ မိမိတို့၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း နည်းစနစ်မှန်ကန်မှုရှိစေပြီး စီးပွားရေးကိုပါ ပိုမိုအဆင်ပြေစေနိုင်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ တိုးမင်းထွန်းက မွေးမြူသူ၊ စိုက်ပျိူးသူတောင်သူများအား စိုက်ပျိုးရေးမျိုးစေ့များနှင့် ဆေးများကိုပေးအပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့က လက်ခံရယူခဲ့ကြသည်၊ ထို့နောက် သင်န်းနည်းပြများက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ သန်တန်းပို့ချခဲ့ရာ မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူ သင်တန်းသူ/ သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပန်းကျင်(ခရိုင်၊ပြန်/ဆက်)