ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိှမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်သန်းက “ မကြာမီ ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ ရောက်ရှိတော့မည် ဖြစ်၍ မီးဘေးအန္တရာယ်ကို သတိထားရမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးပြတ်တောက်ချိန်တွင် ရုံးတွင်အသုံးပြုသော လျှပ်စစ်မီးခလုတ်များအား သေချာစွာ ပိတ်ထားရန်လိုကြောင်း၊ရုံးရှိ လျှပ်စစ်ဝါယာကြိုးများ ကောင်း/မကောင်းကို အမြဲတမ်း စစ်ဆေးအသုံးပြုရန်လိုကြောင်း၊ မိမိတို့နေအိမ်များတွင်လည်း လျှပ်စစ်ဖြင့် အသုံးပြုသည့် ထမင်းပေါင်းအိုး၊ မီးဖို၊ မီးပူ၊ ပန်ကာများကိုလည်း လျှပ်စစ်မီးပြတ်တောက်ချိန်တွင် သတိထား၍ ခလုတ်ပိတ်ထားရမည် ဖြစ်ကြောင်း၊ ညအိပ်ချိန်တွင် ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေများကို သေချာစွာ ငြိှမ်းသတ်ပြီးမှ အိပ်ရန်လိုကြောင်း၊ ရုံးဌာနများနှင့် နေအိမ်များတွင် အရေးပေါ်မီးသတ်ဆေးဘူး မဖြစ်မနေ ထားရှိအသုံးပြုသွားရန်လိုအပ်ကြောင်း စသည်ဖြင့် မြို့နယ်ရုံး ဝန်ထမ်းများနှင့် ပြည်သူ့ စာကြည့်တိုက်သို့ လာရောက်သည့် စာဖတ်ပရိ သတ်များအား အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်မီးသတ် ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးသတ်ဆေးဘူးနှင့် ရေစိုအဝတ်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ဝေယံ (IPRD)