မိုင်းခတ် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုင်းခတ်မေတ္တာလူမှုကူညီရေးအသင်းမှ မသန်စွမ်းအမျိုးသမီးနှစ်ဦးအား အလှူငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ဝမ်ခုတ်ကျေးရွာနှင့်ဟွေကျန့်ကျေးရွာမှ အတူနေမိသားစုဝင်များမရှိကြသည့် မသန်စွမ်းအမျိုးသမီးနှစ်ဦးအား လစဉ်ငွေကျပ်နှစ်သောင်း၊ ခြောက်ပြည်ဆန်အိတ်တစ်အိတ်၊ စားသုံးဆီဗူးကြီးတစ်ဗူး၊ အိုင်အိုဒင်းဆားတစ်ထုပ်၊ ဆပ်ပြာမုန့်၊ ဖယောင်းတိုင်၊ ကွေကာထုပ်နှင့်ကြက်ဥတို့အား မိုင်းခတ်မေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းအေးမောင်နှင့် အသင်းဝင်တို့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါမသန်စွမ်းအမျိုးသမီးနှစ်ဦးအား အသင်းမှ ၂၀၂၁ခုနှစ်ကစတင်၍ လစဉ် ထောက်ပံ့ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူစေတနာရှင်များကလည်း အလှူငွေများ ထည့်ဝင်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)