ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနိူးဆော်

ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးမှုများအား ယမန်နေ့ည၈နာရီ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးပြည့်ဖြိုးဟိန်းဦးဆောင်၍တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှုမရှိစေရေးအတွက် မိမိနေအိမ်တွင်အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများချက်ပြုတ်ပါက လျှပ်စစ် မီးစနစ်တကျကိုင်တွယ်အသုံးပြုရေး၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များအား စနစ်တကျ ငြိမ်းသတ်ရန်၊ မီးချိပ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့်ရေပုံးများ အဆင်သင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည်အချက်များ အားလိုက်လံနှိုးဆော်ပေးမှုများ ဆောင်ရွက်‌နေကြောင်း သိရသည်။

အသိပညာပေးလိုက်လံနိူးဆော်မှုကို မြို့ပေါ်ရပ်ကွက်အပြင်ကျေးရွာများတွင်လည်း လိုက်လံနိူးဆော်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးပြည့်ဖြိုးဟိန်းထံမှ သိရသည်။

ဆွေနွယ်(ပြန်/ ဆက်)