ဒလ ဖေဖော်ဝါရီလ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်း ပေါင်းစပ်ရေး အစည်းအဝေးကို ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
အဆိုပါလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု ကိစ္စရပ်များ၊ မြို့နယ်အတွင်း သောက်သုံးရေးရှားပါးမှု ပြဿနာများကိုဖြေရှင်းရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင်များအား မှတ်ပုံတင်များ ထုတ်ပေးရန်ကိစ္စရပ်များ၊ ဌာနပိုင်မြေပေါ်တွင် ကျူးကျော်များရှိပါက ရှင်းလင်းဖယ်ရှားကြရန်၊ ဌာနဆိုင်ရာရုံးများတွင် CCTV တပ်ဆင် ထားရန်နှင့် လူဝင်၊ လူထွက်များကိုစစ်ဆေးရန်၊ ရုံးများတွင် မီးလောင်မှုမဖြစ်ပွားစေရန် နေ့၊ ည တာဝန်များချထားကြရန်နှင့် မြို့နယ်ရှိဌာနဆိုင်ရာရုံးများ၏ အဝန်းအဝိုင်း၌ အုပ်မိုးနေသော သစ်ပင်များ ခုတ်ထွင်ရှင်းလင်း ထားရန်လိုအပ်ကြောင်း စသည့်လုပ်ငန်းများအား ရှင်းလင်းမှာကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိဌာနတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းများကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
မြင့်ဇော်(ပြန်/ ဆက်)