သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

သံတောင်ကြီး ဖေဖော်ဝါရီ ၂၁

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ (Book Club/ Youth Club) အဖွဲ့ဝင်များက စာရေးဆရာအောင်ဇေယျ၏ ပန်းတိုင်ရောက်မည့်ခြေလှမ်းများ စာအုပ်အား ယနေ့နံပိုင်း(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်မူးကပေါ် (Book Club) မှ စာအုပ်ပါအကြောင်းအရာဖြစ်သည့် အမှီကောင်းမှီရန်လို၊ မိကျောင်းမင်းကိုရေခင်းမပြပါနှင့်၊ မပြောမပြီး မတီးမမြည်၊ အသုံးနှင့်အဖြုန်းကိုခွဲခြားနည်း စည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး စောအယ်အော် (Youth Club)အဖွဲ့ဝင်က ပန်းတိုင်(ရည်ရွယ်ချက်)ရှိပါရဲ့လား၊ တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းခြင်း ၊ အထင်မကြီးအောင်နေထိုင်ပါ၊ ဆွဲဆောင်မှုရှိသူဖြစ်ရမည်၊ အချိန်၏တန်ဖိုး၊ စသည့်အကြောင်းအရာများကိုဖတ်ကြားပြီး တက်ရောက်လာသည့် (Book Club / Youth Club) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါ စာရေးဆရာအောင်ဇေယျ၏ ပန်းတိုင်ရောက်မည့်ခြေလှမ်းများ စာအုပ်အားဖတ်ရှုခြင်းဖြင့် အချိန်၏တန်ဖိုးကိုသိရှိလာခြင်း၊ ပေးကမ်းခြင်းဖြင့်အောင်မြင်မှုရရှိခြင်းကိုသိရှိလာခြင်း ၊ အသုံးနှင့်အဖြုန်းကိုခွဲခြားသိရှိလာခြင်း၊ စာကားပြောစွမ်းရည်ကိုသိရရှိလာခြင်း၊ သမညနှင့်အဓိကကိုခွဲခြားသိရရှိလာခြင်း စသည့်အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။

နော်နော်မူ