မင်းဘူး(စကု)မြို့နယ်တွင် မြေအောက်ရေဖြင့် စိုက်ပျိုးသော ရုံးပတီသီးများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုများ အဆင်ပြေ

မင်းဘူး ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများ၏  မြေအောက်ရေဖြင့် စိုက်ပျိုးသော ရုံးပတီသီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍  အမြဲလိုလို ဝင်ငွေရရှိနေပြီး မိသားစုများ အဆင်ပြေလျက်ရှိကြကြောင်း ကျောက်တန်းကျေးရွာ ရုံးပတီသီးစိုက် တောင်သူများထံမှ သိရသည်။

ရုံးပတီပင်များ စိုက်ပျိုးရာတွင် အပင်ပေါက်မြန်ပြီး ပိုးများကို အချိန်မီ နှိမ်နင်းနိုင်ပါက စိုက်ပျိုးသူတို့အဖို့ တွက်ခြေကိုက်သော အပင်အမျိုးအစားဖြစ်သည်။ အပင်ကောင်းပါက တစ်ပင်လျှင် ၁၃ တောင့်မှ ၁၅ တောင့်အထိ အသီးတင်နိုင်ပြီး တစ်တောင့်လျှင် ၈ ကျပ်နှုန်းဖြင့် ဖောက်သည်ပေးရကာ တစ်ဧကလျှင် အပင်ပေါင်း တစ်သောင်းကျော်ရှိသော ကြောင့် တစ်ရာသီလျှင် ကျပ် (၁၁) သိန်းကျော် (၁၂) သိန်းအထိ ရရှိကြသည်။

အဆိုပါ ရုံးပတီပင် စိုက်ခင်းများကို အတန်းလိုက် ပေါင်ဆွဲ၍ စိုက်ပျိုးကြပြီး ၇ ရက်ခြားတစ်ခါ ရေသွင်းပေးရသည်။ သို့မှသာ ပေါင်းမြက်ရှင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများလည်း လွယ်ကူစွာ ပြုလုပ်ပေးနိုင်သည်။ ရုံးပတီပင်များကို ၁၀ ရက်တစ်ကြိမ် ပိုးသတ်ဆေးဖျန်းပေးရပြီး စိုက်ပျိုး၍ တစ်လခွဲကြာလျှင် အသီးများ စသီးကာ နှစ်လကြာလျှင် ခူးဆွတ်ရကြောင်း သိရသည်။ ရုံးပတီသီး  အပင်အားကောင်းသည့်အပေါ် မူတည်၍ ၃ လမှ ၄ လအထိ ခူးဆွတ်ကြရသည်။

ကျောက်တန်းကျေးရွာမှ တောင်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည့် ကျေးရွာများဖြစ်သောကြောင့် ရုံးပတီ စိုက်ခင်းများအပြင် သခွား၊ ဖရုံ၊ ဘူး၊ ပန်းမုံလာ၊ မုံညင်း၊ နံနံ၊ ချဉ်ပေါင်၊ ခရမ်းချဉ် စိုက်ခင်းများ၊ ပန်းအမျိုးမျိုး၊ ဆူးပုတ်၊ ကင်ပွန်းချဉ်နှင့် ငှက်ပျောစိုက်ခင်းများကို မြေအောက်ရေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးကြရပြီး သီးနှံစုံ ဈေးကောင်းရရှိ၍ တောင်သူတို့၏ လူမှုစီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာကာ အဆင်ပြေနေကြကြောင်း ကျောက်တန်းကျေးရွာ ရုံးပတီသီး စိုက်ပျိုးရောင်းချသူ ဒေါ်မြအေးထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)