ဝမ်းပျက်ဝမ်းလျှောရောဂါတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ချောင်းသာ ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့ နံနက်ပိုင်း ၈ နာရီ အချိန်တွင် ချောင်းသာမြို့ အမှတ်(၁) ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို ချောင်းသာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်ဦးဆောင်၍ မြို့ကျန်းမာရေးဌာနမှ ကျန်းမာရေးအဖွဲ့ဝင် ဆရာ/ဆရာမ ပူးပေါင်းအဖွဲ့များမှ အသိပညာပေး ဟောပြောခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ရပ်ကွက်နေပြည်သူများမှ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့ကျန်းမာရေးဌာနမှ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန်ကာကွယ်နည်းများနှင့် ဖြစ်ပွားလာပါက အချိန်မှီကုသရန်နှင့် ကုသမှုမခံယူပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်ကြောင်းနှင့် အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ထားရန်၊ အစာမစားမီ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန်၊ သန့်ရှင်းသော ယင်လုံအိမ်သာ အသုံးပြုရန်၊ ရေကိုကြိုချက်၍ သောက်သုံးရန်နှင့် ယင်နားစာများအား ရှောင်ကြဉ်ကြရန် အထူးဂရုပြုလိုက်နာကြရန် ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက အချိန်မှီကုသမှုခံယူကြရန် အသိပေးဟောပြောခဲ့ကြကြောင်း သိရှိရသည်။

ချောင်းသာ (ပြန်/ဆက်)