ကျောက်တံခါး ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်းမှ ဘင်ခရာအဖွဲ့က ဦးဆောင်၍ ပြိုင်ပွဲဝင် ဘောလုံးအသင်းများမှ ကွင်းအတွင်းနေရာယူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဘင်ခရာ အဖွဲ့မှ တေးသီချင်းများဖြင့် တီးမှုတ်ဖျော်ဖြေခြင်း၊ ပြိုင်ပွဲဝင်ဘောလုံးအသင်းက အားကစားသစ္စာအဓိဋ္ဌာန်(၆)ချက်ကို ရွတ်ဆိုကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘင်ခရာအဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဆုငွေများ ချီးမြှင့်ပေးသည်။
ဆက်လက်၍ အမျိုးသားဘောလုံးပြိုင်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘောလုံးကန်၍ဖွင့်လှစ်ပေးပြီး ပထမပွဲစဥ်တွင် ကျောက်တံခါး(၂)ဘောလုံးအသင်းနှင့် ဖဒို(၁) ဘောလုံး အသင်းတို့ ယှဥ်ပြိုင်ကြရာ ဖဒို(၁)အသင်းက (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဒေသ(၄)ခုမှ အသင်း(၆) သင်းဖြစ်သည့် ကျောက်တံခါး (၁)အသင်း၊ ကျောက်တံခါး(၂)အသင်း၊ ဖဒို(၁)အသင်း၊ ဖဒို(၂)အသင်း၊ ပဲနွယ်ကုန်းအသင်း၊ အောင်မြင်အသင်းတို့ ဝင်ရောက်ယှဥ်ပြိုင်ကြကြောင်းနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၈)ရက်မှ (၂၈)ရက်ထိ ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ ဘောလုံးပွဲဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)