စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ပညာရေးမှူး၊ မုံရွာခရိုင်နှင့် ခရိုင်အတွင်းရှိ ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ  ဆရာ/  ဆရာမများနှင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိရိုသေစွာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ သင်ကြားရေးလုပ် ငန်းတာဝန်များ ထမ်းဆောင်သည့်အခါ တပည့်များအပေါ် ဖြူစင်ပြည့်ဝသောမေတ္တာထားကာ နာ ၃ နာဖြစ်သည့် စေတနာ၊ဝါသနာ၊အနစ်နာ လက်ကိုင်ထားပြီး သင်ကြားပေးကြရန် လိုအပ်ပါကြောင်း၊ စာမေးပွဲခန်းများတွင် တာဝန်ယူဆောင်ရွက်သွားမည့် ဆရာ/ဆရာမများကလည်း မိမိတို့အား ပေးအပ်မည့် တာဝန်များအား ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းနေသည့် ကျောင်းသားအားလုံး ပညာသင်နှစ်၏နှစ်ဆုံး စာမေးပွဲများကို ရာနှုန်းပြည့်ဝင်ရောက် ဖြေဆိုကာ အတန်းစဉ်ကူးပြောင်းနိုင်ရေးကိုလည်း အားပေးကူညီဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊

တိုင်းဒေသကြီးအတွင်းရှိ ဆရာ/ဆရာမများအနေဖြင့် နွေရာသီကျောင်းပိတ်အားလပ် ရက်များတွင်လည်း ကျောင်းသား/ကျောင်းသူများအား အသိ၊အတတ်နှင့် ယဉ်ကျေးမှုကိုထိန်း သိမ်းတတ်စေမည့် သင်တန်းများဖွင့်လှစ်သင်ကြားသွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပံ့ပိုးပေး သွားမည်ဖြစ်ပါကြောင်း၊

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီးအတွင်းရှိကျောင်းများ အားလုံးဖွင့်လှစ်ကာ ကျောင်းနေအရွယ် ကျောင်းသား၊ကျောင်းသူများအားလုံး တက်ရောက်ပညာသင်ကြားနိုင် ရေးကို ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများနှင့် ကျောင်း သား၊ကျောင်းသူများအားလုံး ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းထိုးခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်ကြား ရေးနှင့်အုပ်ချုပ်ရေး လိုအပ်ချက်များရှိလာပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊သတိတို့ဖြင့် နေထိုင်သွားလာလုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ)မှ ဦးစိုးထိုက်က တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း အခြေခံပညာကျောင်းများ၏ သင်ကြားရေးလုပ်ငန်းများ၊ စာမေးပွဲကိစ္စရပ်များနှင့် ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းက အလယ်တန်းအဆင့် Grade 9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ယူနိုင်မည့် ၂၀၂၃-၂၀၂၄  ပညာသင်နှစ်တွင် စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားသွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက မိမိတို့ကျောင်းများ၏ လိုအပ်ချက်များအား တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး (ပြန်/ဆက်)