ဇီးကုန်း ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြိုနယ်တွင် ပါဠိပထမပြန်အောင် သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ခြင်း အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီက အမှတ်(၄)ရပ်ကွက်ရှိ သမားတော်ကျောင်းတိုက် ရွှေပြည်တန်ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော်ဗဟိုဝန်ဆောင် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ သမားတော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တ ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး၊ ဆရာတော်ထံမှ သာရဏီယ ဩဝါဒစကားခံယူခဲ့ကြသည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသက်အောင်မှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်တင်ခဲ့သည်။ ဆက်လက်၍ သာသနာရေးနှင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့သော ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သော ပထမကြီးတန်းအောင်(၁)ပါး၊ ပထမလတ်တန်းအောင်(၁)ပါးနှင့် အခြေပြုမူလတန်းအောင်(၅)ပါး စုစုပေါင်း စာအောင်သံဃာ(၇)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)