စလင်း ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် လာမည့်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် လာမည့်အထွေထွေရွေးကောက်ပွဲအား အဆင်ပြေစွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့်အဖွဲ့ဝင်စာရင်းများအား ပေးပို့နိုင်ရေး၊ ပါဝင်ကူညီဆောင်ရွက်ကြရမည့် ဌာနဆိုင်ရာဝန်ထမ်းများအင်အားနှင့် အမည်စာရင်းများ အချိန်မီပေးပို့နိုင်ရေးနှင့် စလင်းမြို့နယ်တွင် မဲရုံပေါင်း (၂၆၉)ရုံ လျာထားကြောင်း၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအလိုက် ကော်မရှင်အဖွဲ့များ ပြန်လည်ဖွဲ့စည်းနိုင်ရေး မဲရုံများအတွက်လုံခြုံရေး တာဝန်ယူဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မဲရုံတစ်ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူးအပါအဝင် အဖွဲ့ဝင် (၁၇)ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများအဆင်ပြေစွာဆောင် ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကော်မရှင် အတွင်းရေးမှူး ဒေါ်ကြည်ကြည်ထွေးမှ ထပ်ဆင့် ၍ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်မှသာလျင် ရည်မှန်းချက်များ ကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နှင့် ဌာနဆိုင်ရာအများစုတွင် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၏အင်အားကိုယူ၍ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ကြမှသာလျင် အောင်မြင်မည်ဖြစ်ကြောင်းပြောကြားသွားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်ူဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်