ပေါင်းတည်တွင် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်ရောင်းချ

ပေါင်းတည် ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အနယ်နယ်အရပ်ရပ်သို့ တင်ပို့နိုင်ရန်နှင့် ရန်ကုန်-ပြည် ကားလမ်းဘေးတလျှောက်တွင် ဖြစ်ထွန်းလျက်ရှိသော ပြောင်းဖူးဆိုင်တန်း စျေးကွက်အတွက် ဒေသခံတောင်သူများသည် တစ်နှစ်ပတ်လုံး ပြောင်းစိုက်ပျိုးရေးကို လုပ်ကိုင်လာကြပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်နှင့် နတ်တလင်းမြို့နယ်အကြား ရန်ကုန်-ပြည် ကားလမ်းဘေးတလျှောက်ရှိ ပြောင်းဖူးစျေးတန်းကြီးသည် ဒေသစျေးကွက်အဖြစ် ရပ်တည်လျက် ပြောင်းဖူးစိမ်းများအပြင် အသင့်စားသုံးနိုင်ရန် မီးဖုတ်၍လည်း ရောင်းချလျက်ရှိသောကြောင့် အဝေးပြေး ကားလမ်းပေါ်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့် သွားလာနေကြသော အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများသည် ခရီးတစ်ထောက်ရပ်နားကာ နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြ​သည်။

အဆိုပါ ပြောင်းဖူးများကို ဝယ်ယူရောင်းချမည့်သူများက စိုက်ခင်းများသို့ သွားရောက်ကာ စိတ်ကြိုက်ရွေးချယ် ခုတ်ယူဝယ်ယူကြကြောင်း၊ လက်လီရောင်းချသူများအနေဖြင့် ၁၀ ဖူး တစ်ခိုင်လျှင် ၃၀၀၀ကျပ်၊ ပြောင်းဖူးမီးဖုတ် ၃ ဖူးလျှင် ၁၀၀၀ကျပ်ဖြင့် ပြန်လည်ရောင်းချကြပြီး သုံးရာသီလုံး စျေးကွက်အတွင်းနေ့စဉ် ဝယ်လိုအားရှိခြင်းကြောင့် တောင်သူများအနေဖြင့် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးလာကြပြီး ရောင်းသူဝယ်သူနှင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ၂၀၂၂ -၂၀၂၃ ခုနှစ်အတွက် ဒေသခံတောင်သူများ၏ စိုက်ခင်းများတွင် ဒေသအခေါ် လေယာဉ်စိမ်းပြောင်းမျိုးကို ဧက ၁ဝဝခန့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သူရကြီး(ပြန်/ဆက်)