ကန့်ဘလူမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကန့်ဘလူ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြေထူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မှော်တော်ကျေးရွာ သာသနာ့အလင်းရောင်းကျောင်းတိုက် ဆရာတော် ဦးဝါသဝ(ငါးရာ့ငါးဆယ်ဆရာတော်)၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ လျှပ်စစ်မီးများရရှိအသုံးပြုနိုင်ရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး နည်းပညာများရယူ သုံးစွဲနိုင်ရေး စသည့်လုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြသော ကျေးရွာပြည်သူများက လမ်း၊ တံတား၊ ရေကျော်လုပ် ဆောင်ပေးနိုင်ရေး၊ လျှပ်စစ်မီးတိုင်များစိုက်ထူပေးနိုင်ရေး၊ မီတာလုံးများရရှိရေး၊ ကျောင်းဆောင်ရရှိရေး၊ ကျန်းမာရေးဝန်ထမ်းချထားပေးနိုင်ရေးနှင့် ပညာရေးဝန်ထမ်းရရှိရေး  ရေရရှိရေး စသည်တို့ကို ဆွေးနွေးမေးမြန်း တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ကန့်ဘလူမြို့နယ်ရှိ မှော်တော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌လည်း ကောင်း၊ ကံရိုးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လည်းကောင်း၊ တောက္ကရှပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)