ဒေးဒရဲမြို့နယ် လုထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်နှင့် စာပေ ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အနာဂတ်လူငယ်များ အသိပညာ ဖွံ့ဖြိုးတိုးပွားစေရန်နှင့် ဗလငါးတန် ပြည့်စုံသော လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ဦးတင်ထွဋ် တို့က အနာဂတ်လူငယ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားခြင်း၏ အကျိုးကျေးဇူးများနှင့် စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ၊ အတတ်ပညာရရန်အတွက်  ပညာဗဟုသုတ ရရှိမည့် စာပေများကို ဖတ်ရှု့ကြရန်၊ စာပေမှရရှိသော အသိပညာနှင့် နေ့စဉ်ကြုံတွေ့နေရသည့် လူမှုနယ်ပယ်တွင် အသုံးချခြင်းစသည်တို့ကို ပေါင်းစပ်လုပ်ကိုင်ခြင်းသည် မိမိဘဝကို ရှိရင်းစွဲထက် တိုးတက်မြင့်မားစေမည်ဖြစ်၍ စာပေဖတ်ရှုခြင်းကို လေ့ကျင့်မွေးမြူသင့်ကြောင်းစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk Show များကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း