မုံရွာ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ကော်မတီအောက်ရှိ ဆပ်ကော်မတီ(၄)ခု ပေါင်းစပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလေးအလုပ်သမားပပျောက်ရေး ကော်မတီဥက္ကဌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအေးလှိုင်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီမှာ လုပ်ငန်းတာဝန်(၁၆)ခု၊ ပညာရေးနှင့်အသက်မွေးဝမ်းကြောင်း ကော်မတီမှာ လုပ်ငန်းတာဝန်(၁၉)ခုနှင့် စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီမှာ လုပ်ငန်းတာဝန်(၁၁)ခုတို့ ရှိပါကြောင်း၊ ယနေ့ပြုလုပ်သည့် အစည်းအဝေးမှာ လုပ်ငန်းတာဝန်များကို တက်ရောက်လာကြတဲ့ သက်ဆိုင်ရာကော်မတီ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အလေးထားတင်ပြပေးကြရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးသည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားများအဖွဲ့ ILO ၏ ၂၀၁၇ခုနှစ် စစ်တမ်းများအရ ကမ္ဘပေါ်တွင် အသက်(၅)နှစ်မှ (၁၇)နှစ်အကြား ကလေးသူငယ်(၂၁၈)သန်း အလုပ်လုပ်ကိုင်လျက်ရှိရာ ကျား(၈၈)သန်းနှင့် မ(၆၄)သန်း စုစုပေါင်း(၁၅၂)သန်းမှာ ကလေးအလုပ်သမားများဖြစ်ပြီး ၎င်းတို့အနက်မှ (၇၃)သန်းခန့်သည် အန္တရာယ်ရှိသည့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာမာနိုင်ငံသည် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါဝင်ပြီး လူဦးရေ(၅၃)သန်းကျော်ရှိပြီး မြို့ပြနေထိုင်သူ(၃၀) ရာခိုင်နှုန်းခန့်နှင့် ကျေးလက်နေထိုင်သူ(၇၀)ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အသက်(၁၈)နှစ်အောက် ကလေးဦးရေ(၁၈)သန်းကျော်ခန့်ရှိပြီး ၂၀၁၇ခုနှစ် ပထမသုံလပတ် အလုပ်သမားအင်အားစစ်တမ်းများအရ ကလေးဦးရေ(၁၂)သန်းကကျော်ရှိပြီး ကလေးဦးရေ(၆)သိန်းကျော်သည် အန္တရာယ်ရှိသောလုပ်ငန်းခွင်တွင် မိသားစုစားဝတ်နေရေး အခြေအနေအရ လုပ်ကိုင်နေကြသည်ကို တွေ့ရပါကြောင်း၊ လူငယ်များနှင့် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်တီးပုံဖော်ကြရာတွင် အလွန်အရေးကြီးပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် လူသားအရင်းအမြစ်များဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီများအနေဖြင့် ကလေးအလုပ်သမား လျော့နည်းပပျောက်အောင် တက်စွမ်းနိုင်သမျှ အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် အထူးအလေးထား ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီနှင့် စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်း၊ အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ လုပ်ငန်းခွင်မှဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နီလာသန်း နှင့် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းကော်မတီ အတွင်းရေးမှူးကိုယ်စား တိုင်းဒေသကြီးပညာရေးမှူးရုံး မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်တို့က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက်လက်စီမံဆောင်ရွက်မည့် အစီအစဥ်များအား အသီးသီးဆွေးနွေး တင်ပြကြပြီးနောက် တက်ရောက်လာသော စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး ကော်မတီအောက်ရှိ ဆပ်ကော်မတီ(၄)ခု တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများကအထွေထွေ အကြံပြုဆွေးနွေးမှုများအပေါ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)