ပုသိမ် ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေ(မူကြမ်း)ရေးဆွဲရေး သင်တန်းဖွင့်ပွဲအား ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်၊ ဇယား(၂)ပါ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်များ၏ ဥပဒေပြုစာရင်းနှင့် ဇယား(၅)ပါ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့်အခွန်အခများ စာရင်းတွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသည့် ကဏ္ဍများအတွက် ပြည်ထောင်စုကပြဋ္ဌာန်းပေးထားသည့်ဥပဒေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်ထားသောနည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ မိမိတို့တိုင်းဒေသကြီးအတွင်း ဥပဒေပြဋ္ဌာန်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သည့် ကဏ္ဍများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကဥပဒေ၊ နည်းဥပဒေများရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဥပဒေ(မူကြမ်း) ရေးဆွဲရေးသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းမည့်ဥပဒေ(မူကြမ်း)များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြနိုင်ရေး အလေးထားဆောင်ရွက်သွားရန်” အမှာစကားများပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား ယနေ့မှ ဖေဖော်ဝါရီလ(၁၇)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ သင်တန်းသား၊ သင်တန်းသူ (၁၄၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် အကြိုလေ့ကျင့်စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘာသာရပ်များအားလုံးဖြေဆိုနိုင်စေရေး တာဝန်ရှိသာများမှ အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ဇုန်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား တက္ကသိုလ်၊ ဒီဂရီကောလိပ်ဇုန်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်တက္ကသိုလ်ဇုန် အမျိုးသားဘောလုံးအသင်းအုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“အားကစားသမားများအနေဖြင့် အသင်းအဖွဲ့စိတ်ဓာတ်၊ အချိတ်အဆက်မျှမျှတတဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြရန်၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ အာဟာရပြည့်ဝသည့် အစားအစာများကို စားသောက်ရန်၊ အသင်းအုပ်ချုပ် သူများအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် အောင်ပွဲများရရှိပြီး တိုင်းဒေသကြီးနှင့် တက္ကသိုလ်ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရေး” မှာကြားခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်းအထိ အလျား(၆၁၀) ပေ မြေသားတာဘောင်ဖို့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားအမာခံရရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)