ကြို့ပင်ကောက်မြို့တွင်နွေစပါးစိုက်ပျိုးနိုင်ရေး ဘော်ဘင်ရေလှောင်တမံမှ ဆည်ရေမြောင်းများ ရာနှုန်းပြည့် ပြုပြင်ဆောင်ရွက်ပြီးစီး

ကြို့ပင်ကောက် ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် သုံးသီးစား နွေစပါးစိုက်ပျိုးနိုင်ရေး ဆည်ရေမြောင်းများ တစ်ရာရာခိုင်နှုန်း ပြုပြင်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး-၂ မှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကြို့ပင်ကောက်မြို့တွင် သုံးသီးစား နွေစပါးစိုက်တောင်သူများ အချိန်မီနွေစပါး စိုက်ပျိုးနိုင်ရေးအတွက် ဘော်ဘင်ဆည်မှရေအား မြောင်းလက်တံကြီးများမှတဆင့် ရေပို့လွှတ်နိုင်ရေးအတွက် ပြုပြင်ခြင်းမျကို မြို့နယ်ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး-၂ မှပြုပြင်လျှက်ရှိကြောင်း အဓိကမြောင်းလက်တံကြီး ၅ မြောင်းနှင့် မြောင်းလက်တံခွဲ မြောင်း ၂၀ တို့ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစ၍ ရေစီးရေလာကောင်းမွန်စေရန် ပြုပြင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်ကရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း ယင်းသို့ပြုပြင်ရန်အတွက် ကုန်ကျစရိတ် ငွေကျပ်သန်း ၇၀၀ သုံးစွဲကာဆောင်ရွက်ခဲ့ကြောင်း ဆောင်းသီးနှံမတ်ပဲများ ရိတ်သိမ်းပြီးချိန်တွင် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေစတင်ပို့လွှတ်တော့မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး-၂ ဦးစီးအရာရှိ ဦးအေးဝင်းထံမှ သိရသည်။

ကြို့ပင်ကောက်မြို့တွင် သုံးသီးစားနွေစပါးအား စုစုပေါင်း ဧက ၇၅၆၃ ဧကစိုက်ပျိုးသွားမည်ဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍဖြင့် နွေစပါးဧက ၃၅၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဘော်ဘင်ဆည်မှ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေပေးနိုင်တဲ့ စီစစ်ဧက (၁၁၀၀၀)ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း (ပြန်/ ဆက်)