ညောင်တုန်း ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် APTERR အစီအစဉ် ၃ (၂၀၂၀) ဖြင့် ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ လှူဒါန်းထားသောဆန်များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ ပညာရေးကိစ္စရပ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်မျိုးသူက လုံခြုံရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးမှာကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဌာနနှင့် ရပ်ကွက်၊ ကျေးရွာများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ သဘာဝဘေးသင့်ခဲ့သည့် အိမ်ထောင်စုများ အတွက် APTERR အစီအစဉ် ၃ (၂၀၂၀) ဖြင့် ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ လှူဒါန်းထားသောဆန်များကို တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး သဘာဝဘေးသင့်ခဲ့သည့် အိမ်ထောင်စုများကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ထက်ဝေဖြိုး (ပြန်/ဆက်)