ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၄၀၅ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ပါ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်သည့်အတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလတွင် သီးနှံအပိုဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အဆိုပါ ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရာ၌ စီးပွားရေးတွက်ခြေကိုက်သည့် ငရုတ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးလုပ်ကိုင်ရာ၌ ငရုတ်သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံ စိုက်ပျိုးရေးနည်းပညာများကို တောင်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေက သီးနှံဝင်ငွေတိုးပွားစေဖို့ စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ် ၊ ပန်းမုံလာ၊ မုံညှင်း၊ မုံလာဥ၊ ဆလပ်၊ ခရမ်း၊ ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ ကြက်ဟင်းခါး၊ သခွါး၊ ဘူး ၊ ဖရုံ ၊ တိုင်ထောင်ပဲ၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ် စတဲ့ သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြတယ်။ အဲဒီလို စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးရာတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် ငရုတ်သီးနှံစိုက်ဧက ၁၃၄၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးဧက ၁၄၀၅ ဧက စိုက်ပျိုးပြီးစီးခဲ့ပါတယ်။ စားဖိုဆောင်သီးနှံတွေထဲမှာ ငရုတ်သီးနှံက ဈေးကွက်ရှိတဲ့အတွက် တောင်သူတွေက အားထားစိုက်ပျိုးလုပ်ကိုင်ကြတယ်။ တောင်သူတွေ အများဆုံး စိုက်ပျိုးတဲ့ ငရုတ်သီးနှံကတော့ သာမို - ၁၁ ငရုတ်မျိုးဖြစ်ပြီး ငရုတ်ပွနဲ့ ကလော်အော်သီး ငရုတ်မျိုးကိုလည်း စိုက်ပျိုးကြပါတယ်။ တောင်သူတွေကိုလဲ စားဖို ဆောင်သီးနှံစိုက်ပျိုးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် GAP စိုက်ပျိုးရေးနည်းစနစ်နဲ့ သွင်းအားစုပစ္စည်း အသုံးပြုပုံနည်းစနစ်တွေကို ဒေသခံတောင်သူတွေ သိရှိလိုက်နာနိုင်စေဖို့ ကူညီဆောင်ရွက်ပေးထားပါတယ်" ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံဧက ၃၉၇၁၂ ဧက၊ ဆီထွက်သီးနှံဧက ၃၁၃၄၇ ဧက၊ စားဖိုဆောင်သီးနှံဧက ၄၀၇၃ ဧက၊ ဖူးစားပြောင်းသီးနှံ ၁၇၈၅ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၁၀၀၇၄ ဧက၊ အခြား သီးနှံ ၃၂၀ ဧက၊ စုစုပေါင်း ၈၇၃၁၁ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ဆောင်းသီးနှံစုံ ဧက ၇၆၀၁၃ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ရိတ်သိမ်းခြွေလှေ့ပြီးစီးမှုအနေဖြင့် သီးနှံစုံ ၈၃၃၃ ဧက ရိတ်သိမ်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)