ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ၏ လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ဦးလေးတို့ လယ်ယာမြေမှာ ခုနှစ်စားဖိုဆောင်သီးနှံများအနေနဲ့ ခရမ်းချဉ်သီး၊ ငရုပ်သီး၊ ခရမ်းသီးမျိုးစုံ၊ ဆလပ်၊ ပြောင်းဖူးနဲ့ ကြက်သွန်နီ စတဲ့သီးနှံပင်တွေ စိုက်ပျိုးထားပါတယ်၊ ကြက်သွန်နီကတော့ ခုနှစ်မှစိုက်ပျိုးထားတာ၊ စစိုက်တုန်းကတော့ အိမ်စားဖို့လောက်ကစစိုက်တာ ခုတော့ဈေးမှာ ပြန်ရောင်းနိုင်တဲ့အထိ စိုက်ပျိုးနိုင်လာတယ် နွေ၊ မိုး၊ ဆောင်းသုံးရာသီလုံးစိုက်တယ်၊ ရေကတော့မြေအောက်ရေပေါ့ နွေစပါးရေလွှတ်ချိန်မှာတော့ ချောင်းရေကိုအသုံးပြုလို့ရပါတယ်” ဟုရေဖြူကျေးရွာမှ သီးနှံစုံစိုက်ပျိုးသူ ဦးသိန်းဝင်းက ပြောသည်။
ကြက်သွန်နီစိုက်ပျိုးထားရာမှာ နောက် ၁၀ ရက်ခန့်အကြာတွင် တူးဖော်နိုင်ပြီး၊ စိုက်ပျိုးရာမှာ စတင်ချိန်မှ တူးဖော်ချိန်အထိ ၃ လထိကြာမြင့် ကြောင်းနှင့် ခုနှစ်ကြက်သွန်နီ ပေါ်ချိန်မှာတော့ ဈေးအနည်းငယ်ကျဆင်းနေတယ်လို့ အဆိုပါတောင်သူမှ ဆက်လက်ပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ စပါးသီးနှံ၊ ပဲမျိုးစုံနှင့်နှမ်း၊ နေကြာတို့ကို အများဆုံး စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးသည့် တောင်သူများလည်း အများအပြားရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)