ပေါင်မြို့နယ်တွင် ဘိုးဘွားရိပ်သာတည်ဆောက်နိုင်ရေးညှိနှိုင်းအစည်းအ‌ဝေးပြုလုပ်

ပေါင် ဖေဖော်ဝါရီ ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ဝါရီရူခန်းမ၌ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင် ကပေါင်မြို့အတွင်းရှိ ခိုကိုးရာမဲ့နေသည့် သက်ကြီးရွယ်အိုများအနေဖြင့် နားခိုရာနေရာတစ်ခုရရှိစေရန် ရည်ရွယ်၍ ဘိုးဘွားရိပ်သာကိုတည်ဆောက် သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့မိမြို့ဖ ဦးဘုန်းမြင့်က ဘိုးဘွားရိပ်သာဆောက်လုပ်ရာတွင် ကြုံတွေ့ရမည့်အခက်အခဲများ ရင်ဆိုင်ရမည့်ပြဿနာများကို မြို့သူမြို့သားများ အပါအဝင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့်ကော်မတီဝင်များက အင်တိုက်အားတိုက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

တစ်ဆက်တည်းမှာပင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ဘိုးဘွားရိပ်သာတစ်ခု တည်ဆောက်ပါက ဘိုးဘွားများ၏ ဝေယဝစ္စများကိုပြုလုပ်နိုင်ရန်အတွက် စေတနာ့ဝန်ထမ်းများအပြင် အမြဲတမ်းဝန်ထမ်းများကိုလည်း ခန့်အပ်နိုင်ရန်ယခုကတည်းက စီစဉ်ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်းဆွေးနွေးသည်။

ထို့နောက် ဘိုးဘွားရိပ်သာဆောက်လုပ်ရန်အတွက် အစည်းအဝေးတက်ရောက်လာကြသူများမှ မြေနေရာရှာဖွေ၍ လိုအပ်သည့်အချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)