ပြည်ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

ပြည် ဖေဖော်ဝါရီ ၁၇

ပြည်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ (ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) ဦးသိန်းအောင်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး (လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦး)က ပြည်ခရိုင်အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ပြစ်မှုပြစ်ဒဏ်နှင့် ခရိုင်အဆင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ Powerpoint ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသောကော်မတီအဖွဲ့ဝင်များက ဌာနဆိုင်ရာ ကဏ္ဍအလိုက်ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် သုံးသပ်ဆွေးနွေးအကြံပြုတင်ပြကြသည်။

ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများအဖြစ် ၂၀၂၂ ခုနှစ်အတွင်း ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးများ၊ သင်တန်းများနှင့် အသိပညာပေး အစီအစဉ်များအား ကျင်းပပြုလုပ်ခြင်းနှင့် လူမှုရေးဖြစ်စဉ်များအရ လိုအပ်သော ထောက်ပံ့ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုစိုး (ပြန်/ ဆက်)