ချောင်းဆုံ ဖေဖော်ဝါရီ ၁၅
မွန်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ချောင်းဆုံမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲ အခမ်းနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ချောင်းဆုံမြို့ ကျွန်းသာယာခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဒေသထွက်ကုန် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ရေရှည်အာမခံချက်ရရှိရန် အားပေးကူညီပြီး မြန်မာနိုင်ငံ၏ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကဏ္ဍအလိုက် လာရောက်ချပြ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့်လည်း၊ ဒေသတွင်း စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စကားဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အချက်များ အား ပြည်နယ် အတွင်းအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး ရေတိုရေရှည်စီမံချက်များဖြင့်ဆောင်ရွက်သွားပါက များစွာ အကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မော်လမြိုင်ပညာရေး ဒီဂလီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဝင်းသင်္ဂီကျော်က Moderator အဖြစ်ဆောင်ရွက်ပြီး မြေယာကဏ္ဍ၊ MSMEs ကဏ္ဍ၊ အခွန်ကဏ္ဍ၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ပုဂ္ဂလိကလုပ်ငန်း ကဏ္ဍတို့ကို အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လူသူများက မြေယာပြဿနာနှင့်ပတ်သက်၍လည်းကောင်း၊ မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ အသေးစားအလတ်စား လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ ဆက်)