သာယာဝတီ ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေးအစီအစဉ်များအား ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ဆရာစံခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ကိုယ်တိုင်သိရှိနားလည်နိုင်စေရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးဆိုင်ရာများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်မို့မို့အေးက ကလေးသူငယ်များအား ကာကွယ်ပေးခြင်းဆိုင်ရာများအားလည်းကောင်း အသီသီးအသိပညာပေး ဟောပြောခဲ့သည်။
အခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာကော်မတီဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကော်မတီဝင်များ၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၃၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ ဆက်)