မုံရွာမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေး၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဆက်စပ်သော ဌာနအဖွဲ့အစည်းများ ပူပေါင်းအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ရည်ရွယ်လျက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်မှ ညနေ ၄ နာရီ ၃၀ အချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အလုပ်ရုံဆွေးနွေး ပွဲတွင် ပါဝင်ဆွေးနွေးကြမည့် ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း အသီးသီးတို့မှ တက်ရောက်လာကြသူများအနေဖြင့် မြန်မာနိုင်ငံဟာ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုဘသမဂ္ဂသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ရက်ပေါင်း(၃၀) အကြာတွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တဲ့အတွက်ကြောင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ (Convention on the Rights of the Child) ပြဌာန်းချက်အရ ကလေးဆိုသည်မှာ အသက်(၁၈)နှစ် မပြည့်သေးသောသူကို ဆိုပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကိုတိုင်းတာရာတွင် လူစွမ်းအားအရင်းအမြစ်များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပါကြောင်း၊ အရည် အချင်းပြည့်ဝပြီး ကျွမ်းကျင်မှုရှိသည့် အလုပ်သမားများ ဖြစ်ပေါ်လာစေရန် အသိပညာ၊ အတတ်ပညာများ ပြည့်ဝရမည်ဖြစ်ပါကြောင်းနှင့် ကလေးသူငယ်ဘဝမှစ၍ ကျန်းမာကြံ့ခိုင်သော ကလေးသူငယ်များအဖြစ် အရင်ပြုစု ပျိုးထောင်ပြီး အသိပညာ၊ အတတ်ပညာများ ပြည့်ဝအောင် လေ့ကျင့်ပေးလိုက်မှာသာလျှင် နိုင်ငံအတွက် တန်ဖိုးမြဖတ်နိုင် သည့်  လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထိုလူစွမ်းအား အရင်းအမြစ်ကောင်းများ ပေါကြွယ်ဝအောင် မွေးထုတ်လေ့ကျင့်မှု စဉ်ဆက်မပျက် တိုးပွားလာအောင်း ဆောင်ရွက်ပေးကြရန်နှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၏ အသိပညာပေးမှုများကို မြှင့်တင်ပေးနိုင်သည့်အပြင် ထပ်ဆင့်အသိပညာပေးမှုများလည်း ဆောင်ရွက်ပေး သည့် လုပ်ငန်းရပ်များထဲမှ တစ်ခုဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင်လည်း စိတ်ပါဝင်စားစွာဖြင့် အသိပညာ၊ ဗဟုသုတ အသစ်များကို လေ့လာပြီး မိမိတို့၏ လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချသွားလိုကြောင်း တိုက်တွန်းအမှာစကားပြောကြားခဲ့ သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက စစ်ကိုင်းတိုင်းဒေသကြီး အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်း ကော်မတီ၏ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်းပြီး အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်အဆင့် မိတ်ဖက်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် စိတ်ပါဝင် စားစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)