မုဒုံ ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ် နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသားအဆင့်ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းပေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းအမှတ်စဉ်(၁၀)ဖွင့်လှစ်ခြင်း အခမ်းအနားပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုပြည်နယ်မှူးဦးတင့်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစေးခြစ်ခြင်းစနစ်သည်အရေးကြီးပါကြောင်း၊ စနစ်တကျအစေးခြစ်မှသာ ရော်ဘာအထွက်နှုန်းတိုးတက်မြင့်မားနိုင်မည်ဖြစ်ကြောင်း၊ အခေါက်ပျက်စီးလျှင် စီးပွားရေးသက်တမ်းပြည့်အစေးခြစ်၍ ရနိုင်မည်မဟုတ်ပါကြောင်း၊ ရော်ဘာအစေးခြစ်ခြင်း နည်းစနစ်ကို စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ရော်ဘာစိုက်ပျိုးရေးပညာရှင်ဦးဝင်းတင်မှ “ရော်ဘာအထွက်နှုန်းတိုးစေရန် အရည်အသွေးပြည့်ဝသော အစေးခြစ်လုပ်သားများ၏ လက်ပေါ်တွင်မူတည်ကြောင်း” ပြောကြားပြီး တက်ရောက်လာသော သင်တန်သား၊ သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက်ကြသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ သင်တန်းသား၊ သင်တန်းသူ ၃ဝ ဦးဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မုဒုံသူပြန်ဆက်