ချောင်းဦး ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၌ ဆောင်းသီးနှံ ပဲမျိုးစုံကို ၃၉၄၈၈ ဧက စိုက်ပျိုးထားပြီး ကုလားပဲသီးနှံအား ၂၉၄၁၄ ဧက စိုက်ပျိုးထားကြောင်း၊ ယခုအခါ ဆောင်းသီးနှံ ကုလားပဲများ စတင်ရိတ်သိမ်းလျက်ရှိပြီး စျေးကောင်းရနေကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၌ ဆောင်းသီးနှံ ကုလားပဲသည် စိုက်ဧက အများဆုံးဖြစ်ပြီး ပြည်ပပို့ကုန် ပဲမျိုးစုံ တိုးတက်ပို့ဆောင် နိုင်ရေး ဆောင်ရွက်နေသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ကုလားပဲစိုက်ခင်းများ အပင် ဖြစ်ထွန်းမှုအားကောင်းပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိကြောင်း၊ အောက်တိုဘာလက စိုက်ပျိုးထားသည့် ကုလားပဲခင်းများ စတင် ရိတ်သိမ်းနေပြီး အထွက်နှုန်း ၁ ဧက ၂၂ တင်း ထိထွက်ရှိကြောင်း၊ ယခုအချိန် ကုလားပဲ ရေဆင်း ၃ တစ်တင်း ၆၄၂၀၀ ကျပ်၊ ရေဆင်း ၈ တစ်တင်း ၈၃၀၀၀ ကျပ်အထိ ရရှိကြောင်း၊ ၁ ဧကလျှင် ကုန်ကျစရိတ် ၃ သိန်းကျပ်ခန့်ရှိပြီး အမြတ်ငွေ ၁၀ သိန်း၊ ၁၅ သိန်းကျပ်အထိ ရရှိကြောင်း၊ ကုလားပဲစိုက်ပျိုးရာတွင် ယူရီးယား ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေး နည်းပညာများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကူညီပံ့ပိုးပေးကြောင်း မကျီးခွ ကျေးရွာမှ ကုလားပဲစိုက်ပျိုးနေသည့် တောင်သူ ဦးသောင်းထံမှ သိရသည်။
ချောင်းဦးမြို့နယ်၌ ကုလားပဲ ရေဆင်း ၃၊ ၆၊ ၈၊ ၁၁၊ ၁၂ မျိုးများကို စိုက်ပျိုးကြပြီး ယခင်မျိုးစေ့ထုတ် တောင်သူများထံမှ မျိုးများကို တောင်သူဖလှယ်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကုလားပဲအား အတန်းလိုက်စနစ်နှင့် ကြဲပက်စနစ် စိုက်ပျိုး ကြကြောင်း၊ အတန်းလိုက် စိုက်ပျိုး ခြင်းဖြင့် အပင်ပြုစုထိန်းသိမ်းရန် လွယ်ကူခြင်း၊ မျိုးစေ့နှုန်းထား သက်သာခြင်း၊ လေဝင်လေထွက်ကောင်းမွန်၍ ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရန် လွယ်ကူခြင်း၊ အပင်ဦးရေ ပြည့်မီခြင်း၊ အထွက်နှုန်း ကောင်းခြင်းစသည့် အားသာချက်များရှိသဖြင့် အတန်းလိုက်စနစ်ကို ပိုမိုစိုက်ပျိုးလာကြကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာပေးထားသည့် တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ပြီး ကုန်ကျစရိတ် သက်သာသည့် သဘာဝပိုးမွှား ရောဂါ ကာကွယ်ဆေးများ သုံးစွဲမှုပိုမိုများပြားလာကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရရှိသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)